အခုနောက်ပိုင်း Interview တော်တော်များများမှာ အမေးများတဲ့ မေးခွန်းလေးတစ်ခုရှိပါတယ်။ အဲ့တာကတော့ သင်ဟာ Teamwork စိတ်ဓာတ်အပြည့်နဲ့ အဖွဲ့အစည်းမှာ အလုပ်လုပ်တဲ့သူလား? ဒါမှမဟုတ် Individual တစ်ယောက်တည်းနဲ့ ကိစ္စအဝဝကို နိုင်နိုင်နင်းနင်းလုပ်နိုင်တဲ့သူလား ဆိုတဲ့မေးခွန်းပါပဲ။ ပြောချင်တာကတော့ Power Ranger လုပ်မှာလား? Superman လုပ်မှာလားဆိုတဲ့ အဓိပ္ပာယ်ပါပဲ။လုပ်ငန်းအဖွဲ့အစည်း တစ်ခုအနေနဲ့ကတော့ ကိုယ်လိုချင်တဲ့ရည်မှန်းချက်တွေ အောင်မြင်မှုဆီရောက်ဖို့ကအဓိကပါ။ Isolate ပဲဖြစ်ဖြစ် Integrate ပဲဖြစ်ဖြစ် ဘယ်နည်းလမ်းသုံးသုံး အရေးမကြီးပေမယ့် နည်းလမ်းနှစ်မျိုးစလုံးမှာတော့ သူ့ရဲ့ အားသာချက် ၊ အားနည်းချက်ကိုယ်စီရှိကြပါတယ်။ အဓိကသော့ချက်ကတော့ ကိုယ်နဲ့အကိုက်ညီဆုံးပုံစံကို ရွေးချယ်တတ်ဖို့ပါပဲ။ ဒီတော့ ဘယ်လိုအားသာချက်တွေ ၊ အားနည်းချက်တွေရှိလဲဆိုတာ လေ့လာလိုက်ရအောင်။
Advantages & Disadvantages of Teamwork

- ပထမဦးဆုံးအားသာချက်အနေနဲ့ ကတော့ Teamwork စိတ်ရှိတဲ့သူတွေဟာ အဖွဲ့အစည်း အသင်းအဖွဲ့တွေနဲ့ Collaboration များများလုပ်နိုင်ပြီး Brainstorming လုပ်တဲ့အခါမှာလည်း အများနဲ့မတူတဲ့ Idea အသစ်အဆန်းတွေထွက်လာနိုင်ပါတယ်။
- ဒုတိယအချက်အနေနဲ့ စီးပွားရေးနယ်ပယ်မှာဆိုရင် Synergy Effect လို့ခေါ်တဲ့ 1+1>2 ဆိုတဲ့ Theory လေးတစ်ခုရှိပါတယ်။ အဲ့တာကတော့ တော်တဲ့ဝန်ထမ်းတစ်ယောက်နဲ့ ပုံမှန်ဝန်ထမ်းနှစ်ယောက်ကို တာဝန်တစ်ခုစီပေးရင် ပုံမှန်ဝန်ထမ်းနှစ်ယောက်ရဲ့လုပ်နိုင်စွမ်းကပိုပြီးမြင့်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ ဆိုလိုချင်တာက နှစ်ယောက်ရဲ့စွမ်းအားကို တစ်ယောက်တည်းနဲ့နိုင်ဖို့ဆိုတာ ခဲယဉ်းတဲ့သဘောတရားနဲ့ အတူတူပါပဲ။
- မတူညီတဲ့ Background ကနေ မတူညီတဲ့ Skills တွေရှိတဲ့ လူတွေ စုဝေးနေတဲ့နေရာမှာတော့ လူတိုင်းလူတိုင်းက တစ်နည်းမဟုတ်တစ်နည်းနဲ့ နယ်ပယ်တစ်ခုခုမှာထူးချွန်နေကြမှာပါ။ အဖွဲ့အစည်းနဲ့လုပ်တဲ့နေရာမှာ ရှုထောင့်မျိုးစုံက တွေးပုံတွေးနည်းအသစ်တွေမျိုးစုံကလည်း သင့်အတွက် အထောက်အကူများစွာပြုမှာပါ။
- အများနဲ့ ပေါင်းသင်းဆက်ဆံနေရတဲ့အတွက်လည်း သင့်ရဲ့ Communication Skills လည်းတိုးတက်လာနိုင်သလိုနောက်ဆက်တွဲအနေနဲ့ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ယုံကြည်မှုတစ်ခုတိုးပွားစေမှာပါ။
- ဆိုးကျိုးအနေနဲ့ကရေသာခိုတတ်တဲ့ဝန်ထမ်းတွေရှိကောင်းရှိနိုင်တဲ့အတွက် အဖွဲ့အစည်းအတွက် Conflict ဖြစ်နိုင်စေသလို စိတ်ဝမ်းကွဲစေနိုင်ပါတယ်။
- Meeting လုပ်တဲ့အခါမျိုးမှာဆိုရင် ပြောချင်တဲ့ အဓိက Topic ကနေသွေဖီသွားနိုင်တဲ့ အခြေအနေတွေလည်းရှိသလို ဆုံးဖြတ်ချက်ချရတဲ့ကိစ္စတွေမှာလည်း နှောင့်နှေးစေမှာပါ။
Advantages & Disadvantages of Individual Work

- ကိုယ်ကိုယ်တိုင်တစ်ယောက်တည်းလုပ်ရတဲ့အတွက် ဆုံးဖြတ်ရမယ့်ကိစ္စတစ်ခုခုရှိခဲ့ရင်လည်း Authority အပြည့်နဲ့ ဆုံးဖြတ်ခွင့်ရမယ်။
- ကိုယ့်ရဲ့အလုပ်မှာလည်း အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်နိုင်မှာဖြစ်တဲ့အပြင် Routine Tasks တွေကိုလည်း လျှင်လျှင်မြန်မြန်နဲ့ အပြီးသတ်နိုင်မှာပါ။
- နောက်ပြီးကိုယ့်ရဲ့ကြိုးစားမှုတွေအရာတွင်ခဲ့ရင် ကိုယ်ကိုယ်တိုင်ပဲချီးကျူးခံရမှာဖြစ်ပါတယ်။ အဖွဲ့လိုက်လုပ်တဲ့ အခါမျိုးမှာလို ရေသာခိုတဲ့ ကိစ္စတွေ ၊ စိတ်ဝမ်းကွဲတဲ့ကိစ္စတွေ ရှိတော့မှာမဟုတ်ပါဘူး။
- ဆိုးကျိုးအနေနဲ့ကတော့ Authority များများကိုင်ဆောင်ထားတဲ့သူတစ်ယောက်ဟာ Responsibility လို့ခေါ်တဲ့ တာဝန်ယူရတဲ့ကိစ္စကလည်း တခြားသူထက်ပိုပြီးများပါတယ်။ ကိစ္စတစ်ခုခုမအောင်မြင်ရင် အခြားသူကို လွှဲချလို့မရနိုင်သလို ကိုယ်ပဲတာဝန်ယူရမှာဖြစ်ပါတယ်။
- ဒါ့အပြင် စကားပြောဖော်လည်းမရှိတဲ့အတွက် ပျင်းရိတာတွေလည်းရှိလာနိုင်သလို ခွင့်ယူတဲ့အခါမျိုးမှာဆိုရင် ကိုယ်လုပ်ရမယ့်အလုပ်တာဝန်တွေ နှောင့်နှေးတာမျိုးဖြစ်တတ်ပါတယ်။
အချက်နှစ်ချက်လုံးရဲ့ကောင်းကျိုးဆိုးကျိုးတွေသိပြီးပြီဆိုတော့ ဘယ်လိုပုံစံမျိုးက ဘယ်လိုနေရာမှာအသုံးဝင်မယ်ဆိုတာ သိပြီးလောက်ပြီထင်ပါတယ်။ ဒီတော့ အပေါ်ကအချက်တွေကို သတိထားသွားရင်တော့ အကောင်းဆုံးဆိုတဲ့အခြေအနေတွေကို ပိုင်ဆိုင်သွားရမှာ အသေအချာပါပဲ။
Content By Htet Wai Yan Lynn