လုပ်ငန်းခွင်ဝင်နေတဲ့ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စအတွက် အချိန်သီးသန့်ပေးဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စတစ်ခုဖြစ်လာပါပြီ။ Deadline နဲ့အမှီမပြီးသေးတဲ့အလုပ်တွေ ၊ Stress တွေကြောင့်လည်း Work Life Balance ဆိုတာဘာမှန်းမသိဖြစ်နေကြမှာပါ။ ဒီတော့ကျွန်တော်တို့အနေနဲ့ မနက်ခင်းအလုပ်မသွားခင်လေးမှာ ကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသော်လည်းကောင်း ၊ စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း အကျိုးရှိမယ့်နည်းလမ်းလေးတွေဝေမျှပေးချင်ပါတယ်။ ပထမဦးဆုံးအချက်ကတော့..
(၁) Always eat breakfast
ရုံးသွားနေရတဲ့ ကျွန်တော်တို့လို ဝန်ထမ်းအများစုက ကိုယ့်ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို အမြဲတမ်း ရွေးချယ်စားသောက်ဖို့ ခဲယဉ်းတယ်ဆိုတာနားလည်ပါတယ်။ ဒါ့အပြင် လူတစ်ယောက်အတွက် အရေးကြီးလှတဲ့ မနက်စာကိုမှ မစားပဲကျော်သွားတာမျိုးတွေ ၊ ကျန်းမာရေးနဲ့ မညီတဲ့အစားအသောက်တွေရွေးနေတဲ့သူဆိုရင်တော့ပိုပြီးသတိထားဖို့လိုပါတယ်။အချိန်မပေးနိုင်တဲ့သူတွေကျတော့ အရိုးရှင်းဆုံးအနေနဲ့ ပရိုတင်းဓာတ်ပါဝင်တဲ့ ကြက်ဥပြုတ်တွေ ၊ ဂျုံနဲ့လုပ်ထားတဲ့ ပေါင်မုန့် အစရှိတာတွေကိုရွေးစေချင်ပါတယ်။
(၂) Try a cold bath or shower
ဒုတိယတစ်ချက်ကတော့ ရေချိုးမပျင်းဖို့ပါ။ ဘာကြောင့်အခုလိုပြောသလဲဆိုတော့ ကောင်းကျိုးအနေနဲ့ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းအားလုံးကိုလည်း ရေရှည်ကျန်းမာစေမယ့်အပြင် သိပ္ပံပညာရှင်တွေရဲ့စစ်တမ်းတွေအရ ရေချိုးနေတဲ့အချိန် ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲကို ဓာတုပစ္စည်းတစ်မျိုးထုတ်လွှတ်ပေးတဲ့အတွက် ကျွန်တော်တို့ရဲ့ စိတ်ကိုပျော်ရွှင်စေပါတယ်။ မယုံရင်ပြန်စဉ်းစားကြည့်လိုက်ပါ။ ရေချိူးပြီးပြီးချင်း လူကပုံမှန်ထက် အနည်းငယ်တက်ကြွနေတာကို ကိုယ်တွေ့ခံစားဖူးကြမှာပါ။
(၃) Do a bit of Exercise
ကျွန်တော်တို့အများစုက နေ့လည်နေ့ခင်းပိုင်းတွေ ၊ ရုံးဆင်းချိန်တွေမှာ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တာကို နှစ်သက်ကြပေမယ့် နိုင်ငံတကာစစ်တမ်းတွေအရတော့ မနက်ခင်း ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပေးတာက စိတ်ရောကိုယ်ပါ ပိုပြီးလန်းဆန်းစေကြောင်းဖော်ပြထားတာတွေ့ရပါတယ်။ ခန္ဓာကိုယ်မှာလိုအပ်တဲ့ အနွေးဓာတ်ကိုလည်းပေးစွမ်းနိုင်သလို Endorphins (အန်ဒိုဖင်) လို့ခေါ်တဲ့ ဟော်မုန်းဖြစ်စေတဲ့အတွက် စိတ်ဖိစီးမှုဒါဏ်ကို လျော့ကျစေပါတယ်။ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ တစ်နေ့တာလုပ်ဆောင်ရမယ့် ကိစ္စအဝဝမှာလည်း ပိုပြီးထိထိရောက်ရောက်လုပ်နိုင်တာကို မျက်မြင်ကိုယ်တွေ့ခံစားရမှာပါ။
(၄) Make time to schedule your to do list
တနင်္လာနေ့ရုံးပြန်တက်တဲ့နေ့မျိုးတွေဆို တောင်လိုပုံနေတဲ့အလုပ်တွေက ကိုယ့်ကိုဝမ်းပန်းတသာနဲ့ ဆီးကြိုနေမှာ ထုံးစံပါပဲခင်ဗျ။ အဓိကအချက်က Monday Blues မဖြစ်ဖို့လိုအပ်ပါတယ်။ Monday Blues အကြောင်းသိချင်ရင်တော့ အောက်က Link ကတစ်ဆင့် အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။ ပြောချင်တဲ့အချက်ကတော့ To Do List လုပ်တယ်ဆိုတာ အလုပ်က Stress တွေကိုလျှော့ချပေးနိုင်တဲ့နည်းလမ်းလေးတစ်ခုဆိုလည်းမမှားပါဘူး။ ဒီတော့ ရုံးမသွားခင်ကတည်းက ဘယ်အချိန်မှာဘယ်သူနဲ့တွေ့မယ် ၊ ဘာအကြောင်းဆွေးနွေးမယ် ၊ ဘယ်အချိန်အထိတွေ့မယ်စသဖြင့် ကိုယ့်ရဲ့ အချိန်ကိုတိုတိုနဲ့ အကျိုးရှိရှိစီမံထားရင်တော့ ကိုယ့်ရဲ့တစ်နေ့တာဟာ ပိုမိုအဆင်ပြေချောမွေ့လာမှာပါ။
(၅) Sit and enjoy nature
သဘာဝပတ်ဝန်းကျင်အလှကို ခရီးထွက်မှခံစားရမယ်ထင်နေရင်တော့ သင့်အမြင်ကိုပြောင်းလဲဖို့လိုနေပါပြီ။ ကောင်းကင်မှာရှိတဲ့ တိမ်ကိုပုံဖော်ဖူးတာတွေ ၊ သက်တံ့ပေါ်မှာ အတောင်ပံဖြန့်ရင်း ပျံသန်းနေတာကို ငေးကြည့်တာတွေ ဘယ်တုန်းကနောက်ဆုံးလုပ်ခဲ့လဲဆိုတာ သင့်ကိုယ်သင်ပြန်မေးဖို့လိုအပ်နေပါပြီ။ ရုံးက Ferry ဒါမှမဟုတ် Bus ကားစောင့်စီးနေတဲ့အချိန်မှာ ကိုယ့်တစ်နေ့တာရဲ့ အချိန်ထဲက ၅မိနစ်လောက်ဖဲ့ပြီး အပေါ်ကအရာတွေခံစားကြည့်လိုက်ပါ။ နိစ္စဓူဝရုံးကန်လှုပ်ရှားရင်း ပင်ပန်းခဲ့တဲ့အခက်အခဲတွေအားလုံး အနည်းနဲ့အများတော့ ဖြေလျော့သွားပါလိမ့်မယ်။
အပေါ်ကဖော်ပြခဲ့တဲ့အချက်လေးတွေကို ရက် ၃၀ တစ်နည်းအားဖြင့် တစ်လလောက် ကိုယ့်ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်မှာထည့်သွင်းသွားရင်တော့ အကောင်းဆုံးဆိုတဲ့အရာတွေကို ပိုင်ဆိုင်ရတော့မယ်ဆိုတာ အသေအချာပါပဲ။
Content By Htet Wai Yan Lynn