ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ လူငယ်အများစုမှာ ဖြစ်ချင်တာနဲ့ ဖြစ်နေတာဟာ ကွဲပြားနေတက်ကြပါတယ်။ လက်ရှိကိုယ်ရောက်နေတဲ့နေရာ ၊ ကိုယ့်အလုပ် ၊ ကိုယ့် Career မှာ တိုးတက်အောင် ၊ ပျော်အောင်နေသင့်ပါတယ်။ လုပ်ငန်းရှင်များစွာကလည်း ဝန်ထမ်းတွေရဲ့ တိုးတက်ပျော်ရွှင်မှုတွက် အစားအသောက် ၊ ဂိမ်းအစီအစဥ် ၊ ဖျော်ဖြေရေး အစရှိသည့် လုပ်ငန်းခွင် အခွင့်အရေးအမျိုးမျိုးကို စီစဥ်ပေးကြပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ဝန်ထမ်းတစ်ယောက်က စိတ်အားထက်သန်မှု ပြင်းထန်ပြီး ပိုမိုကောင်းမွန်သော အတွေးအခေါ် အကြံဉာဏ်များစွာနှင့်အတူ Company အကျိုးရလာဒ်များစွာ ဖြစ်ထွန်းနိုင်ပါတယ်။ လုပ်ငန်းရှင်မရှိရင်တောင် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ပျော်ရွှင်မှုကို လုပ်ငန်းခွင်အတွင်း ကိုယ်တိုင်ဖန်တီးရမှာဖြစ်သည်။
(၁) မိမိနှစ်သက်သော အသက်မွေးဝမ်းကျောင်းကို ရှာပါ။
ကျွန်မတို့ အများစုဟာ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကို ဦးစားပေးနေရင်း မိမိအမှန်တကယ် ဝါသနာပါနှစ်သက်တဲ့အလုပ်ကို မေ့ထားတတ်ကြပါတယ်။ မိမိနှစ်သက်စိတ်ဝင်စားတဲ့အလုပ်တွေသာ ကိုယ်တိုင်အောင်မြင်တိုးတက်ဖို့နဲ့ ပိုမို စိတ်အားထက်သန်စွာ လုပ်ကိုင်ရင်း ပျော်ရှင်မှုကို ရနိုင်ပါတယ်။
(၂) ကိုယ်ပိုင်ကျွမ်းကျင်မှုနှင့်တိုးတက်မှုကို ဖန်တီးပါ။
မိမိရဲ့ကိုယ်ရေးကိုယ်တာနဲ့ ပရော်ဖက်ရှင်နယ် ဖွံဖြိုးတိုးတက်မှုတွင် ရင်နှီးမြုပ်နှံခြင်းဖြင့် မိမိရဲ့ တိုးတက်မှုကိုရှာဖွေပါ။ မိမိရဲ့ Career အတွက် အစီစဥ်ကောင်းများနဲ့ ရည်မှန်းချက်များကို ချမှတ်ပါ။ မိမိရဲ့ Career အတွက် ကျွမ်းကျင်မှုများကို အထောက်ကူပြုမယ့် တာဝန်များဆောင်ရွက်ပါ။ မိမိရဲ့Career တိုးတက်အောင်မြင်နေတာကို မြင်ရလျှင် ပျှော်ရွှင်ကျေနပ်မှုပါ ခံစားရမှာပါ။
(၃) လေ့လာမှုတစ်ခုကို အဆက်မပြတ်သင်ယူပါ။
အလုပ်တစ်ခုကိုပုံမှန်အတိုင်း နေ့တတူကွလုပ်တာကြာလာတဲ့အခါမှာ ပျင်းရိလာကြမှာပါ။ အကယ်၍သင်ဟာ ဤအရာကိုခံစားမိလာလျှင် ပိုမိုလေ့လာသင်ယူရန်နှင့် ကြုံတွေ့ရသော အခက်အခဲများ ကြုံတွေ့ရနိုင်သည့် ပိုမိုကြီးမားသော တာဝန်ကိုရှာဖွေသင့်ပါတယ်။ မသွေးနဲ့ဓားက တုံးတယ်ဆိုသလို မိမိကိုယ်ပိုင်အရည်ချင်းကိုလည်း ကိုယ်ရည်သွေးနေဖို့က လိုအပ်ပါတယ်။ စိန်ခေါ်မှုအသစ်ရရှိတဲ့အခါ မပျင်းတော့ပဲ အားရုံစူးစိုက်မှုနဲ့အတူ အမြဲသင်ယူနေတော့ အသိဉာဏ် ဗဟုသုတတွေကြွယ်ဝလာပြီး ပျော်ရွှင်လန်းဆန်းမှုကိုပါ ခံစားရနိုင်ပါတယ်။
(၄) တာဝန်ယူတက်မှု ရှိအောင်ကြိုးစားပါ။
အဖွဲ့အစည်းနဲ့ လုပ်ဆောင်ရသော လုပ်ငန်းတခုမှာ မိမိလုပ်ဆောင်ရသော တာဝန်ကို အပြည့်အဝ တာဝန်ယူမှု ရှိတတ်ပါစေ။ တာဝန်ယူတာက စိတ်ပင်ပန်းစရာ စိတ်ပူစရာတချို့ရှိတတ်ပေမဲ့ မိမိတာဝန်ယူထားသော ကိစ္စတခု အောင်မြင်သွားသည့်အခါ အလွန်ကျေနပ်စရာကောင်းလှပါသည်။ ကိုယ်ပိုင် ယုံကြည်မှုကိုလည်း မြှင့်တင်နိုင်ပြီး လုပ်ငန်းခွင်အတွင်း ပိုမိုယုံကြည် ရဲဝံ့ပျော်ရွှင်နိုင်ပါတယ်။
(၅) အကောင်းမြင်ပါ ၊ ကူညီပါ။
ကောင်းတာတွေဖြစ်လာဖို့ ကောင်းတဲ့အတွေး ကောင်းတဲ့အလုပ်တွေလုပ်ဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းမှာလူအများနဲ့ ဆက်ဆံရသည့်အခါ အချို့သော အဆင်မပြေမှုလေးတွေ ရှိလာနိုင်ပါတယ်။ ထိုအခါမျိုးမှာ အကောင်းဘက်ကတွေးပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကိုတည်ဆောက်သင့်ပါတယ်။ မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေ အပေါ်ရိုင်းပင်းကူညီပေးပါ။ တစ်ဦးနှင့်တစ်ဦးဖေးမကူညီရင်း ပိုမိုရင်နှီးလာတဲ့အခါ လုပ်ငန်းခွင်ဟာ မိသားစုသဖွယ်ရင်းနှီးလာပြီး ပိုမိုပျှော်ရွှင်မှုကိုခံစားရနိုင်ပါတယ်။
အခုပြောပြခဲ့တဲ့အကြောင်းအရာလေးကတော့ နေ့စဥ်လုပ်ငန်းအတွင်းမှာပဲ အဆင်ပြေ ပျော်ရွှင် အောင်မြင်ဘယ်လိုနေသင့်သလဲဆိုတာပဲဖြစ်ပါတယ်။ မိမိရဲ့ဘဝ အလုပ်နဲ့ပျော်ရွှင်မှု တစ်ထပ်တည်းကျပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်။
Content By Shwe yee